၂၀၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့ ဟာ ကမ္ဘာ့အင်အားကြီးနှင့် ကမ္ဘာ့လုံးဆိုင်ရာအခင်းအကျင်းကို အဓိက လွှမ်းမိုးချုပ်ကိုင်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ပွဲပါ။ အမေရိကန် သမ္မတရွေးကောက်ပွဲ ရလဒ်အရ ကမ္ဘာကြီးရဲ့ ရေရှည်တည်တံ့မှုနှင့် ငြိမ်းချမ်းရေးကို နောက်ဆက်တွဲ သက်ရောက်မှုတွေ အများကြီးရှိလာနိုင်ပါတယ်။ ဒီတော့ ဘယ်သူ သမ္မတဖြစ်ရင် ကမ္ဘာ့ရေးရာကိစ္စရပ်အသီးသီးမှာ နောက်ဆက်တွဲဘယ်လို အကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်မလဲ၊ ဆိုတာကို သက်ဆိုင်ရာ ပါဝင်ပတ်သတ်သူများအလိုက် (၁) အမေရိကန်နှင့် မဟာမိတ်များ၊ (၂) အမေရိကန်ရဲ့ အကျိုးစီးပွားအရထိပ်တိုက်တွေ့နေသည့်နိုင်ငံများ၊ (၃) မြန်မာနိုင်ငံအပေါ်သက်ရောက်မှုများနှင့် (၄) အမေရိကန်ပြည်သူတွေအပေါ် နှင့် အမေရိကန်အနာဂတ်အပေါ်သက်ရောက်နိုင်ခြေများ ဆိုပီး အချက် ၄ ချက််ကို အခြေခံပီး ဒီဆောင်းပါးမှာဆွေးနွေးတင်ပြထားပါတယ်။
(၁) အမေရိကန်နှင့် မဟာမိတ်များ။
(က) ဥရောပ နှင့် နေတိုး အပေါ်သက်ရောက်နိုင်ခြေများ။
အမေရိကန်ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ ဥရောပနှင့် နေတိုးအတွက် တော့ ထရမ့်က အိမ်မက်ဆိုးဖြစ်ပါလိမ့်မယ်။ ထရမ့်က နေတိုးအဖွဲ့ဝင်တွေရဲ့လုံခြုံရေးအတွက် အမေရိကန်ဘက်က ကုန်ကျစရိတ်အလွန်အမင်း ပေးနေရတာကို မနှစ်မြို့နေတာမို့ ထရမ့်ရဲ့ “အမေရိကန်သာလျှင် ပထမ” မူဝါဒကြောင့် ဥရောပနဲ့ အမေရိက ကြားမှာ တဖြေးဖြေးကြီးမားတဲ့ အက်ကွဲကြောင်းတွေ ပေါ်လာနိုင်ပါတယ်။
နေတိုးအဖွဲ့ဝင် ဥရောပဘက်ကလည်း ဒုတိယကမ္ဘာစစ်ပီးထဲက အမေရိကန်အောက်ဆွဲ ဘဝရောက်နေတာကနေ အမေရိကကို သူတို့ လုံခြုံရေးအတွက် ဆက်လက်ပီးအားကိုးလို့မရတော့တာမို့ သူတို့ရဲ့ သီးခြားနိုင်ငံရေးရပ်တည်မှုတွေ ပိုမြင်လာရနိုင်သလို၊ ဥရောပနိုင်ငံတွေ ရဲ့ စစ်ရေးအသုံးစရိတ်တွေ မြင့်တက်လာပီး စစ်တပ်တွေကို ပိုပီး အားကောင်းအောင် အဆင့်မြင့်တင်တာမျိုးတွေ တွေ့မြင်လာရနိုင်ပါတယ်။ ဥရောပ လက်ယာစွန်းတွေ အကြား ထရမ့်က ပိုမို လူကြိုက်များပေမဲ့ ကိုယ့်အကျိုးစီးပွားသာ ရှေ့တန်းတင်ကြမယ့် လက်ယာစွန်းတွေ အချင်းချင်း အကျိုးစီးပွား ပြိုင်ဆိုင်မှုတွေရှိလာနိုင်တာမို့ ရေရှည်မဟာမိတ်ဖွဲ့ဖို့ ခက်ပါလိမ့်မယ်။
ဟားရစ်သမ္မတဖြစ်လာခဲ့ရင်တော့ ဥရောပ၊နေတိုး စတဲ့ မဟာမိတ်တွေနဲ့ လက်ရှိဘိုင်ဒင်အစိုးရ မူဝါဒအတိုင်းပဲ ဆက်လက်ပီး ရပ်တည်မှာမို့ ရေတို၊ ရေရှည် နှစ်မျိုးလုံးအတွက် ဝါရှင်တန်နှင့် ဘရပ်ဆဲလ် အကြားဆိုးကျိုးတွေများမယ့်၊ နေတိုးမဟာမိတ်ကို အင်အားယုတ်လျော့စေမယ့် ထရမ့်ထက် ဥရောပခေါင်းဆောင်တွေက တော့ ဟားရစ်ကို အနိုင်ရစေချင်မှာ အသေအချာပါပဲ။
(ခ) ဂျပန်၊ တောင်ကိုရီးယား၊ထိုင်ဝမ် နိုင်ငံတွေ အပေါ်သက်ရောက်နိုင်ခြေများ။
အမေရိကန်ရဲ့ အာရှက မဟာမိတ်တွေ ဖြစ်တဲ့ ဂျပန်၊တောင်ကိုရီးယား၊ ထိုင်ဝမ်တို့အတွက် ထရမ့်ရဲ့ မူဝါဒ အပြောင်းအလဲကြောင့် ပိုပြီး မလုံခြုံဖြစ်မှာ ဖြစ်သလို၊ အကာအကွယ်ပိုမဲ့ စေမှာမို့ ထရမ့်ထက်၊ ဘိုင်ဒင်လို ညှိနှိုင်းရလွယ်မဲ့ အိုဘာမားရဲ့ ပစိတ်ဖိတ်အခြေခံချဥ်းကပ်မှု မူဝါဒကို ဆက်လက်ကျင့်သုံးမဲ့ ဟားရစ်ကို အိမ်ဖြူတော်မှာ ပိုမြင်စေချင်တယ် ယူဆရပါတယ်။
အထူးသဖြင့် ထိုင်ဝမ်အတွက်တော့ မဟာမိတ်အမေရိကန်ရဲ့ အကာအကွယ်က အရေးကြီးတာမို့ ထိုင်ဝမ်ကျွန်းကို ပိုပီး ကာကွယ်မှုပေးမဲ့ ဟားရစ်တို့ ဒီမိုကရက်တွေ နိုင်ဖို့ အရေးကြီးသလို၊ မြောက်ကိုရီးယားအာဏာရှင်တွေကို ကမ္ဘာ့အသိုင်းအဝိုင်းအပြင်ထုတ်ထားကာ တဖြေးဖြေး အင်အားယုတ်လျာ့ပီး ဇတ်သိမ်းသွားစေချင်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်အတွက်ကမူးရူးထိုးနဲ့ လုပ်ချင်ရာလုပ်တဲ့ ထရမ့်က စိတ်ချရတဲ့ မဟာမိတ်မဟုတ်ပါဘူး။ ဒီတော့ အိမ်ပြာတော်နှင့် အိမ်ဖြူတော်ကြား၊ ဝါရှင်တန်နဲ့ တိုကျို ကြား ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးကို ထိန်းထားနိုင်မယ့် ဟားရစ်က ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုဖို့ ဖြစ်တာမို့ ထရမ့်ရွေးချယ်ခံရတာကို မလိုလားနိုင်ပါဘူး။
(၂) အမေရိကန်ရဲ့ အကျိုးစီးပွားအရထိပ်တိုက်တွေ့နေသည့်နိုင်ငံများ
(က) အရှေ့အလယ်ပိုင်းနှင့် ပါလက်စတိုင်း-အစ္စရေးအပေါ်သက်ရောက်နိုင်ခြေများ။
ပါလက်စတိုင်းနှင့် အရှေ့အလယ်ပိုင်းအတွက်တော့ ဘယ်သူနိုင်နိုင် ရေတိုကတော့ အဆိုးတွေ ပဲ သက်ရောက်မှာပါ။ ဟားရစ်နိုင်ရင် ယခု ဘိုင်ဒင်မူဝါဒနဲ့ ထူးမခြားနား၊ မီးစတစ်ဖက်၊ရေမှုတ်တစ်ဖက် နဲ့ ပါလက်စတိုင်းကို တဖြေးဖြေး ခုလို အနေအထားနဲ့ ဆက်သွားပါလိမ့်မယ်။ ဟားရစ်က တတ်နိုင်သမျှ ဂါဇာတစ်ခုလုံးနဲ့ အနောက်ဘက်ကမ်းကို အစ္စရေးကို အပြီးထိန်းချုပ်ခွင့်ပေးမဲ့အစား နိုင်ငံတစ်ကာအသိုင်းအဝိုင်းနှင့်လက်တွဲပူးပေါင်းပြီး စစ်မဲ့ဇုန် ထူထောင်တာမျိုးနဲ့ ပါလက်စတိုင်းတွေ အတွက် မျှော်လင့်ချက်မရှိတဲ့ စစ်ပွဲပြီး အခင်းအကျင်းကို ဖန်တီးနိုင်ပါတယ်။ ပါလက်စတိုင်းတွေ အတွက်တော့ ဟားရစ်ရဲ့ မူဝါဒက ပါလက်စတိုင်းမြေမှာ ကိုလိုနီ စနစ် ဆက်လက်ရှင်သန်ရေးကို အနု့နည်းနဲ့ အကောင်အထည်ဖော်တာလို့တောင် ပြောလို့ရနိုင်ပါတယ်။
ထရမ့်နိုင်ရင်တော့ အစ္စရေးကို ဂါဇာမှာ အပြီးထိန်းချုပ်ခွင့် ပေးတာမျိုးတောင် ဖြစ်လာနိုင်ပါတယ်။ တစ်ဖက်မှာလည်း အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဆော်ဒီ၊ဂျော်ဒန်လို အာရပ်နိုင်ငံအချို့နဲ့ ပူးပေါင်းပြီးး ပါလက်စတိုင်းမြေကို အစ္စရေးဆီကို အပီးလက်လွှဲပေးတာမျိုးတောင် ဖြစ်လာနိုင်ပါတယ်။ အစ္စရေးလက်ယာစွန်း အစိုးရကတော့ သူတို့ အတွက် ရေတိုအကျိုးများမဲ့ ထရမ့်ကို အိမ်ဖြူတော်မှာ ပိုပြီး မြင်ချင်မှာပါ။ ဒီတော့ ရေတိုအားဖြင့်ဆိုရင်တော့ ထရမ့်ရော ဟားရစ်ပါ ပါလက်စတိုင်းအတွက်တော့ ဆိုးကျိုးတွေ ပဲ သက်ရောက်မှာပါ။ ရေရှည် အားဖြင့် ဆိုရင်တော့ ထရမ့်ရဲ့ ပါလက်စတိုင်းကို ကမ္ဘာ့မြေပုံပေါ်ကနေ ချက်ချင်းလက်ငင်း အပြီးတိုင် ပျောက်ကွယ်သွားစေမဲ့ မူဝါဒက အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေ ဖြစ်တဲ့ ဥရောပနိုင်ငံတွေနဲ့ ကမ္ဘာ့မိသားစုဆီက တုန့်ပြန်မှုက ပိုမိုပြင်းထန်မှာပါ။ ဒီတော့ ဥရောပ၊ကမ္ဘာတစ်ဝှမ်း အမေရိကန်မဟာမိတ်တွေနဲ့ အမေရိကန်ကြား အရှေ့အလယ်ပိုင်းကိစ္စမှာ တဖြေးဖြေး ခွာပြဲပီး မူဝါဒအပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ အစ္စရေးအတွက် တော့ ထရမ့်က ရေတို အနိုင်ရလဒ်ကို ဖန်တီးပေးနိုင်ပြီး ရေရှည်မှာတော့ အစ္စရေးရဲ့ တည်ရှိမှုကို ကမ္ဘာ့အသိုင်းအဝိုင်းက ခါးခါးသီးသီး ငြင်းဆန်တာကို ခံရနိုင်ပါတယ်။
ရေရှည် အားဖြင့် ဆိုရင်တော့ ပါလက်စတိုင်းတွေကို ဖြေးဖြေးချင်းဆီ ဖိနှိပ်မဲ့ ဟားရစ်ထက်၊ ချက်ခြင်းလက်ငင်းဖိနှိပ်မဲ့ ထရမ့်ရဲ့ လက်ရဲဇတ်ရဲ နိုင်တဲ့မူဝါဒတွေကြောင့် ပါလက်စတိုင်းပြည်သူတွေ အတွက် ကမ္ဘာ့နိုင်ငံတွေရဲ့ထောက်ခံမှုနဲ့ လက်တွေ့အကျိုးအမြတ် ရှိတာမျိုး လည်း မထင်မှတ်ထားပဲ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ရေတို ပိုဆိုးအောင် လုပ်မဲ့ ထရမ့်ကြောင့် ခုထက်ပိုဆိုးဝါးတာတွေ ဖြစ်လာနိုင်ပေမဲ့ အဆိုးအဝါးဆုံးဆိုတဲ့ အနေအထားကပဲ လမ်းသစ်တစ်ခုကို ပေါ်လာနိုင်စေပါတယ်။
ဥပမာပြောရရင် ၂၀၂၁ မြန်မာမှာ စစ်အာဏာသိမ်းမှုမဖြစ်ခဲ့ရင် ခုလို နိုင်ငံတစ်ဝှမ်း တက်ညီလက်ညီ စစ်အာဏာရှင် ဖြုတ်ချနိုင်ရေး ဆိုတဲ့ တော်လှန်ရေးမျိုးနဲ့ လမ်းသစ်တစ်ခု မပေါ်လာနိုင်တာမျိုးပါ။
(ခ) ရုရှား နှင့် ယူကရိန်းအပေါ်သက်ရောက်နိုင်ခြေများ။
ထရမ့်သမ္မတ ဖြစ်လာရင် အရင်ဆုံး သက်ရောက်မှုခံရမဲ့၊ အထိအနာဆုံး ဖြစ်မှာကတော့ ယူကရိန်းပါပဲ။ ထရမ့်က ယူကရိန်းအတွက် စစ်စရိတ်နှင့် လက်နက် အကူအညီဘိုင်ဒင်လို ပေးမှာ မဟုတ်ပါဘူး။ သူက စစ်ပွဲကို ရပ်ပါလိမ့်မယ်။ ဒီတော့ စစ်ပြေငြိမ်းဖို့ ယူကရိန်းဘက်က ရုရှားကို နယ်မြေတစ်ချို့ ပေးလိုက်ရနိုင်ပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးအတွက်လည်း ယူကရိန်းကို လက်မခံဖို့ ထရမ့်က ဥရောပကို ဖိအားပေးပါလိမ့်မယ်။ ဒီလိုပြောလို့ ပူတင်အကြိုက်တွေကြီးပဲ ဖြစ်မှာတော့ မဟုတ်ပါဘူး။ ထရမ့်က ယူကရိန်းစစ်ပွဲမှာ စစ်ပြေငြိမ်းရေးပွဲစားလုပ်ခအနေနဲ့ ပူတင်ဆီက နေ ပွဲခ မျိုးမျိုးမြတ်မြတ်ပြန်တောင်းမှာပါ။ ရုရုားအနေနဲ့ ရေတို အကျိုးအမြတ် အဖြစ် ယူကရိန်းစစ်ပွဲ နိုင်သွားမှာ ဆိုပေမဲ့ ရေရှည် အနေနဲ့ ဆိုရင်တော့ ထရမ့်ကလည်း မဟာမိတ်တော့ ဖြစ်မှာ မဟုတ်ပါဘူး။ စစ်နိုင်မဲ့ ပူတင်ရော၊ စစ်ပွဲကိုရပ်နိုင်တယ်၊ အမေရိကန်ရဲ့ အခွန်ငွေတွေ စစ်စရိတ်အစား ပြည်တွင်းမှာ သုံးမယ်ဆိုပီး ဝါဒဖြန့်မဲ့ ထရမ့်ပါ နှစ်ဘက်လုံး ရေတို အကျိုးအမြတ်ရှိမှာ မို့ ရုရှားက ထရမ့်ကို အလိုရှိနိုင်သလို၊ ယူကရိန်း ကတော့ ဘိုင်ဒင်ရဲ့ မူဝါဒကို လိုက်မဲ့ ဟားရစ်ကို ပိုပီး အလိုရှိပါလိမ့်မယ်။
(ဂ) တရုတ်နဲ့ အိန္ဒိယ စတဲ့ နိုင်ငံတွေ အပေါ်သက်ရောက်နိုင်ခြေများ။
တရုတ်ကတော့ ဘယ်သူတက်တက် သူ့အတွက် ရန်သူပါပဲ။ အိန္ဒိယကတော့ ဘယ်သူတက်တက် သူ့အတွက် မဟာမိတ်ပါပဲ။ ထရမ့်တက်တက်၊ ဘိုင်ဒင်တက်တက် တရုတ်ကို ဖိအားပေးပီး ပိုပီး အခက်တွေ့စေမှာပါ။ အာ့ဒီလို ဖိအားပေးဖို့ ဒေသတွင်း အိန္ဒိယကို အမေရိကန်က မဟာမိတ်ဆက်ဖွဲ့ရမှာမို့ အိန္ဒိယအတွက်တော့ ထရမ့်ရော ဟားရစ် ပါ ရေတို၊ရေရှည် မဟာမိတ်ဆက်ဖြစ်မှာပါ။
ထရမ့်ရဲ့ ကမူးရူးထိုး၊ ဟော့ဟော့ဒိုင်းဒိုင်းမူဝါဒတွေက တရုတ်အတွက် ရေတိုမှာ အခက်တွေ့နိုင်စေပေမဲ့ အမျှော်အမြင် အားနည်းတဲ့ ထရမ့်မူဝါဒတွေ က တရုတ်အတွက် ရေရှည်မှာ ပိုကိုင်တွယ်ရလွယ်နိုင်ပါတယ်။ ဥပမာ ပြောရရင် တရုတ်အတွက် ရေတိုမှာ ထရမ့်က ပိုခက်နိုင်ပေမဲ့ ရေရှည်အတွက် ဆို တရုတ်အတွက် ခုခံအားစနစ် (antibody) ရသွားစေနိုင်မှာပါ။ ဟားရစ်ကတော့ ပိုပီး အမျှော်အမြင်နဲ့ ကိုင်တွယ်မှာမို့ ရေတိုမှာ တရုတ်အတွက် မသိသာစေနိုင်ပေမဲ့ ရေရှည်မှာ အထိအခိုက်ပိုများပီး ကိုင်တွယ်ရပိုခက်ပါလိမ့်မယ်။ ဟားရစ်က တရုတ်ရဲ့ ကမ္ဘာ့အင်အာကြီး အဖြစ်တက်လှမ်းနိုင်ရေးကို ထရမ့်ထက် ပိုပြီး အခက်တွေ့စေမှာပါ။
အိန္ဒိယကတော့ အမေရိကန်၊ ဥရောပ၊နှင့် BRICS မှာပါ ပိုပီး ကမ္ဘာ့အင်အားကြီးအနေနဲ့ လူရာဝင်တဲ့ အနေအထားကို ပိုရောက်လာနိုင်ပါတယ်။ ဒါပေမဲ့ မိုဒီရဲ့ မူဝါဒတွေ က အိန္ဒိယပြည်တွင်း စည်းလုံးညီညွတ်ရေးကို ပြိုကွဲအောင် ဖန်တီးထားတာမို့ အိန္ဒိယအတွက် ပြည်တွင်း ပြိုလဲမှုက အိန္ဒိယကို ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာနိုင်ဖို့ အဟန့်အတားတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ကမ္ဘာ့ရေးရာမှာ ရတဲ့ အားသာချက်ကို ပြည်တွင်းမှာ ပြန် အသုံးမချနိုင်တာမျိုးဖြစ်လာပီး၊ မြန်မာစကားပုံနှင့် တင်ပြရရင် အိန္ဒိယက ပလိုင်းပေါက်နှင့် ဖားကောက် ဆိုတာမျိုး ဖြစ်နေနိုင်ပါတယ်။
(ဃ) အီရန်၊မြောက်ကိုရီးယား နိုင်ငံတွေ အပေါ်သက်ရောက်နိုင်ခြေများ။
အမေရိကန်ရဲ့ ရန်သူတော်တွေ လို့ မီဒီယာကနေ မြင်နေရတဲ့ အီရန်၊ မြောက်ကိုရီးယား နိုင်ငံတွေ အတွက်တော့ ထရမ့်လက်ထက် စစ်ပွဲကြီးဖြစ်နိုင်ဖို့ ပိုခက်နိုင်ပါတယ်၊ အကန့်အသတ်နဲ့ တော့ ဖြစ်နိုင်ခြေရှိပါတယ်။ ဟားရစ်လက်ထက်ဆို အစ္စရေးကို မထိန်းနိုင်ပဲ စစ်ပွဲကြီး မဖြစ်လာဘူးပြောမရပါဘူး။ ထရမ့်က စစ်စရိတ်ထက် သူ့နိုင်ငံထဲ ငွေပိုသုံးမှာမို့ အီရန်၊မြောက်ကိုရီးယားတို့ကို အသက်ရူပေါက်ပေးထားနိုင်ပါတယ်။
ဟားရစ်ကတော့ ပစိဖိတ်က မဟာမိတ်တွေ ရဲ့ လုံခြုံရေးကို ထည့်သွင်းစဥ်စားရမှာမို့ မြောက်ကိုရီးယားအတွက် ပိုခက်ပါလိမ့်မယ်။ အီရန်အတွက်လည်း ရေတိုမှာ ထရမ့်က အန္တရာယ်လို့ မြင်နိုင်ပေမဲ့ ရေရှည်မှာ ဟားရစ်ရဲ့ ကွယ်ဝှက်ထားတဲ့ လက်သည်းထက်၊ ထရမ့်ရဲ့ မြင်သာတဲ့ လက်သည်းက ပိုရင်ဆိုင်ရလွယ်ကူနိုင်ပါတယ်။
(၃) မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်ခြေများ။
မြန်မာပြည်အတွက် တော့ ထရမ့်က အိမ်မက်ဆိုးဖြစ်ပါလိမ့်မယ်။ မြန်မာပြည်ဘယ်နားရှိမှန်းတောင် သေချာသိပုံမရတဲ့ ထရမ့်အတွက် တော့ မြန်မာပြည်က ဘယ်လိုမှ အရေးမပါပါဘူး။ တရုတ်နဲ့ အမေရိကန် နိုင်ငံရေး ကစားကွက်တွေ အကြား မြန်မာက တရုတ်ဆီ ထိုးကျွေးဖို့ ပွန်းတစ်ခုတောင် ဖြစ်လာနိုင်ပါတယ်။ နောက်ပီး အမေရိကန်ရဲ့ လူဝင်မှု ကြီးကြပ်ရေးမူဝါဒအပြောင်းအလဲတွေ ကြောင့် ၂၀၂၁ နှစ် နောက်ပိုင်း အမေရိကမှာ ဒုက္ခသည် အနေနဲ့ ခိုလှုံနေကြတဲ့ တော်လှန်ရေး အင်အားစုတွေကိုပါ သက်ရောက်မှုတွေ ရှိလာ၊ ပြန်ပို့ခံရနိုင်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ ထိုင်းနယ်စပ်မှာ ခိုလှုံနေတဲ့ အစုအဖွဲ့တွေ အတွက်လည်း အမေရိကန်အကာအကွယ်က အရင်ထက် လျော့နည်း လာပါလိမ့်မယ်။ နွေဦးတော်လှန်ရေးသမားတွေ အတွက်တော့ ထရမ့်နိုင်လို့ မဖြစ်ပါဘူး။
ဟားရစ်ကတော့ လက်ရှိ ဘိုင်ဒင်လိုပဲ ပစိဖိတ်အခြေပြု အရှေ့အာရှက မဟာမိတ်တွေနဲ့ ဆက်လက်ပူးပေါင်းမှာမို့ နွေဦးသမားတွေအတွက် ဘိုင်ဒင်လက်ထက်ကထက် ပိုပီး ထောက်ခံမှုမရတောင် တကယ်အလုပ်လုပ်ရင် အကျိုးအမြတ်ရှိလာနိုင်ပါတယ်။ မြန်မာစစ်တပ်ဘက်ကတော့ မြန်မာ့အရေးကို စိတ်မဝင်စားမဲ့ ထရမ့်ကို သမ္မတ အဖြစ် အိမ်ဖြူတော်မှာ မြင်စေချင်တာမျိုးဖြစ်နိုင်သလို၊ ပြီးခဲ့တဲ့ ထရမ့်သမ္မတ သက်တမ်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ထရမ့် လက်စွဲနှုတ်ဆက်ခဲ့ကြသလို စစ်တပ်က ရုပ်ပြဖန်တီးမဲ့ ရွေးကောက်ပွဲအောက်မှာ နေပြည်တော်နှင့် ထရမ့်ရဲ့ ဝါရှင်တန်ကြား အခွင့် အရေးများရနိုင်မလားလိုလည်း အိမ်မက်တွေ ဘာတွေ မက်နေနိုင်ပါတယ်။
(၄) အမေရိကန်ပြည်သူတွေအပေါ် နှင့် အမေရိကန်အနာဂတ်အပေါ်သက်ရောက်နိုင်ခြေများ။
ထရမ့်က ရေတိုမှာ စီးပွားရေးအရ အမေရိကကို မြင်သာတဲ့ အကျိုးအမြတ်တွေ ပေးနိုင်ပါလိမ့်မယ်။ နယ်စပ်တွေ ထိန်းချုပ်ပြတာ၊ အခွန်လျော့တာ၊ ခရစ်ယာန်တန်ဖိုးတွေကို ပိုပီး အလေးထားပြတာ စတဲ့ အချက်တွေကြောင့် ဘာသာရေး သမားတွေနဲ့ လက်ယာစွန်းတွေ က အမေရိကမှာ ပိုအားကောင်းလာပါလိမ့်မယ်။
လူနည်းစု အာရှသားတွေ၊ မွတ်စလင်တွေ၊ လက်တင်အမေရိကန်အနွယ်တွေ၊ အာဖရိကန်အနွယ်တွေ၊ ဌာနေမျိုးနွယ်စုတွေ စတဲ့ လူနည်းစုတွေ နှင့် လူ့အခွင့်အရေး ဦးစားပေး liberal သမားတွေ အကုန် ထရမ့်လက်အောင်မှာ အနေအစားကြပ်တည်မှုတွေ ဖြစ်လာပီး ရေရှည်မှာ အမေရိကန်ရဲ့ ပြည်တွင်း အင်အားဖြစ်တဲ့ ကွဲပြားစုံလင်မှုပေါ်အခြေတည်တဲ့ စည်းလုံးမှု တဖြေးဖြေးပြိုကွဲမှာပါ။ သဘာဝပတ်ဝန်းကျင် ပြသနာတွေကလည်း အများအပြားရင်ဆိုင်လာနေရချိန်မှာ ယခင် သမ္မတသက်တမ်းတုန်းကလို ပါရီသဘောတူညီချက်က နေ နှုတ်ထွက်တာမျိုးစတဲ့၂၁ ရာစုပေးထားချက်တွေကို မကိုင်တွယ်ပဲ၊ globalization ကို မသွားပဲ၊ de-globalization ကို ဦးတည်မဲ့ သမ္မတဟောင်းထရမ့်နဲ့ ဒုသမ္မတဟားရစ်တို့ကြားက အားပြိုင်မှုကို နိုဝင်ဘာ ၅ ရက်နေ့မှာ တွေ့ကြရတော့မှာပါ။
နိဂုံးချုပ်အနေနဲ့ တင်ပြရရင် ဟားရစ်ကတော့ ရေတိုမှာ ထရမ့်လို လူဘိန်းကြိုက်မူဝါဒတွေ အစား ရေရှည် အမြင်နဲ့ စီမံမှာမို့ ရေတို အကျိုးအမြတ်တွေ မသိသာနိုင်ပေမဲ့၊ ကမ္ဘာ့အင်အားကြီးဆိုတဲ့ အမေရိကန် အင်ပါယာကို အသက်ဆက်စေမှာပါ။ ကမ္ဘာပေါ်မှာ ရှိတဲ့ အင်ပါယာကြီးတွေ အကုန် အချိန်တစ်ခုရောက်ရင် နေဝင်ချိန်ကို ရောက်ကြတာပါ။ လူတွေနဲ့ နှိုင်းယှဥ်ပြောရရင် အင်ပါယာတွေ လည်း ဇာရာကို မကျော်နိုင်ပါဘူး။ အင်ပါယာတွေရဲ့ ဇာရာက ဘာကိုညွှန်းဆိုတာလဲဆို ပြည်တွင်းစည်းလုံးညီညွတ်ရေးပြိုကွဲမှုပါ။ ဒီတော့ နိုဝင်ဘာ ၅ ရက် ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲက အမေရိကန်အင်ပါယာရဲ့ နေဝင်ချိန်ကို အဆုံးအဖြတ်ပေးမှာပါ။ ထရမ့်ကြောင့် ရေတို အမေရိကကို အကျိုးစီးပွားတွေ ဖန်တီးပေးနိုင်ပေမဲ့ ထရမ့်ကြောင့်ပဲ အမေရိကန်အင်ပါယာရဲ့ ကမ္ဘာ့အခင်းအကျင်းအပေါ်လွှမ်းမိုးမှု တဖြေးဖြေးကျဆင်းသွားနိုင်ပါတယ်။ ဒီတော့ ဟားရစ်နိုင်မလား၊ ထရမ့်နိုင်မလားဆိုတဲ့ အမေရိကန်အင်ပါယာရဲ့ အနာဂတ်ကို အမေရိကန် ပြည်သူတွေ အဆုံးအဖြတ်ပေးကြရမှာပါ။ သူတို့ မဲတပြားကပဲ အမေရိကန်ပြည်ထောင်စုရဲ့ ရေတိုနှင့် ရေရှည် အကျိုးစီးပွားကို ပုံဖော်ပြပါလိမ့်မယ် လို့ ဆွေးနွေးတင်ပြလိုက်ရပါတယ်။
တင်သျှိုင်းအောင်သည် လစ္စဘွန်းတက္ကသိုလ် ITI မှ သုတေသီတစ်ဦးဖြစ်ဦး လက်ရှိတွင် ၂၀၂၄ ခုနှစ် အရှေ့တောင်အာရှလူငယ်ခေါင်းဆောင်မှု အစီအစဥ် ၏ ရေရှည်တည်တံ့ခိုင်မြဲ၍ဟန်ချက်ညီသောဖွံ့ဖြိုးတိုးမှုခေါင်းစဥ်အောက်မှ အကြီးတန်း Fellow များအား လမ်းညွှန်းပေးလျှက်ရှိပါသည်။
“ရေရှည်တည်တံ့ရေးလှုံ့ဆော်ရင်းအနာဂတ်ကိုတည်ဆောက်ကြစို့”
Help Sustain The Sabai Times - Myanmar’s Voice for Sustainable Development Support The Sabai Times




