“ဟာ မီးပျက်သွားပြန်ပြီ”
“မီးတွေက ပျက်ချင်သလိုပျက်…လာချင်သလိုလာနေတာ” မီးလာ တဲ့ အချိန် လုပ်စရာရှိတာ အကုန်ပြေးလုပ်ရတာပဲ” အစရှိတဲ့ စကားသံတွေဟာ မြန်မာနိုင်ငံထဲက လျှပ်စစ်မီးမ ရရှိမှု အခက်အခဲကြောင့် ပြည်သူပြည်သားတွေကြား ငြီးတွားနေရတဲ့ စကားသံတွေပဲ ဖြစ်ပါတယ်။ လျှပ်စစ်မီး ပုံမှန်ရရှိမှုမရှိခြင်းကြောင့် စီးပွားရေးလုပ်ငန်းတွေ မချောမွေ့တာအပြင် အခြေခံလူတန်းစားတွေအတွက် နွေ ရာသီ ပူပူအိုက်အိုက်မှာပြဿနာတွေ ပိုကြုံတွေ့ရနိုင်တယ်လို့လည်း ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။
ရန်ကုန်လို မြို့ပြကြီးမှာတောင် အမှောင်အတိဖြစ်နေတာကြောင့် ငွေကြေးတတ်နိုင်သူ တွေ က ဆိုလာပြား၊ ဘက်ထရီအိုး အင်ဗာတာတွေ အဆင့်ဆင့် ဝယ်သုံးကြသလို မတတ်နိုင်သူတွေ ကြတော့လည်း တရုတ်ပြည်ထုတ် ညမီး အိမ်လေး တစ်လုံးနဲ့ ကုန်ဆုံးဖြတ်သန်းနေရပါတယ်။ တစ်ဖက်မှာတော့ မြန်မာပြည်ကနေ အိမ်နီးခြင်းထိုင်းနိုင်ငံအပါအဝင် နိုင်ငံအချို့သို သဘာဝဓာတ်ငွေရောင်းချမှုတွေ ဆက်ရှိနေပေမဲ့လည်း ပြည်တွင်းမှာတော့ LNG ဂတ်စ်တွေက စျေးခုန်တက် နေတာ ကြောင့် မီးသွေးမီးဖိုတွေ အသုံးများကြသလို မီးလာတဲ့အချိန် ကိုစောင့်ကြရသူတွေလည်း ရှိပါတယ်။
ပြည်တွင်း မြို့ကြီးတွေကို လက်ရှိအုပ်ချုပ်နေတဲ့ စစ်ကောင်စီ အစိုးရအဖွဲ့အစည်းတွေကတော့ ဒါဟာလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွေ မလုံမလောက် ဖြစ်နေတာကြောင့်ရယ်လို့ အ ကြောင်းပြ ကြေညာထားတာ တွေ့ရပါတယ်။ ကမ္ဘာအနှံ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာမှာ ပြန်လည်ပြည့်ဖြို့းမြဲ (Renewable) နဲ့ ရုပ်ကြွင်းလောင်စာ (Non renewable energy) ဆိုပြီး စွမ်းအင် နှစ်မျိုးဆီကနေ အဓိကထုတ်ယူသုံးစွဲကြပါတယ်။ သဘာဝဖြစ်စဥ်တွေရဲ့ ဝန်ဆောင်မှုကို အသုံးပြုပြီး ထုတ်ယူနိုင်တာက ပြန်လည်ပြည့်မြဲ စွမ်းအင် ဖြစ်ပြီး နေ၊ ရေ၊ လေ အစရှိတာတွေ ကနေ စွမ်းအင် တွေ ထုတ်ယူကြတာ ဖြစ်ပါတယ်။ ပြန်လည် မဖွံ့ဖြိုးနိုင်တဲ့ ရုပ်ကြွင်းလောင်စားသုံး စွမ်းအင် တွေကိုတော့ ဂတ်စ်၊ ကျောက်မီးသွေး၊ ကျောက်ဖြစ်ရုပ်ကြွင်း၊ သဘာဝ ဓာတ်ငွေ့၊ ရေနံဆီ စတာ တွေက ထုတ်ယူကြပါတယ်။
ပြန်လည်ပြည့်မြဲ စွမ်းအင်တွေမှ တဆင့် လျှုပ်စစ်ဓာတ်အားထုတ်လုပ်တာကိုတော့ ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ အခြားသော အနောက်နိုင်ငံတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုကာ လျှပ်စစ်ဓာတ်အား ထုတ်ယူကြပါတယ်။ နော်ဝေနိုင်ငံ အော်စလိုမှာ အမှိုက်ကိုမီးရှို့ စွမ်းအင် ပြောင်း တဲ့ နည်းစနစ်ကို အသုံးပြုနေပြီဖြစ်သလို biomass လို့ အမည်ရတဲ့ သဘာဝ အမှိုက်တွေ တဖြစ်လည်း သစ်ခေါက်၊တိရိစ္ဆာန် အညစ်အကြေး၊အရေခွံ စတာတွေ ကို အရည် (သို့) စက္ကူအခဲ အခြေအနေ အဖြစ် ထားရှိပြီး စွမ်းအင်အဖြစ် နည်းပညာအကူအညီနဲ့ ပြောင်းလဲကြပါတယ်။ ကြံတွေကို လောင်ကျွမ်း စေ ပြီး ရုပ်ကြွင်းလောင်စာကနေ စွမ်းအင် ထုတ်တဲ့ နည်းပညာကို အသုံးပြု နေကြတာလည်း ရှိသလို လေ တာဘိုင်တွေကနေ စွမ်းအင်ကို အဓိက ထုတ်ယူ အသုံးပြုကြတာ တွေလည်း တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာပြန်လည်ဖွံ့ဖြိုးမြဲ စွမ်းအင်တွေ အလုပ်မဖြစ် ဘူးလား ပြောရင် နော်ဝေနိုင်ငံ၊နယ်သာလန်နိုင်ငံတို့ကနေ နည်းပညာတွေ ယူပြီး ပြန်ပြည့်မြဲ စွမ်းအင် ကနေ လျှပ်စစ် ထုတ်လုပ်ဖို့ ၂၀၁၆-၂၀၂၀ ကာလတွေမှာ အတိုင်းအတာတစ်ခုထိ ကြိုးစားခဲ့တယ် ဆိုရမှာပါ။ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်သွားသလို နည်းပညာကျွမ်းကျင်သူတွေ လည်း ပြန် ထွက်သွားတာကြောင့် လည်ပတ်ဖို့ ကြိုးစားနေတဲ့ ကိစ္စတွေတောင် တုံ့ဆိုင်းသွားတယ်လို့ ဆိုရမှာပါ။
ယခင် ၂၀၂၀ ကုန်ကျစရိတ်နဲ့ပဲ တွက်ကြည့်မယ်ဆိုရင် ပြန်လည်ပြည့်မြဲ စွမ်းအင်နဲ့ လျှပ်စစ် ထုတ် ယူနှုန်း ဟာ လျှပ်စစ် ၁ ယူနစ် ထုတ်လုပ်ခကို ၃၀၀ ကျပ်မှ ၃၅၀ ကျပ်အထိ ကုန်ကျစရိတ် မြင့်မားခဲ့ ပါတယ်။ ရေအား လျှပ်စစ်ဆိုပါက ၁ ယူနစ်ကို ၁၀၀-၁၅၀ ကျပ်ခန့် ကုန်ကျပါတယ်။ ဆိုလာ နေ စွမ်းအင် ဆိုရင် ၁ ယူနစ် ထုတ်လုပ်ခ ၃၅၀ ခန့်ကုန်ကျပါတယ်။ ပြည်သူတွေကို လျှပ်စစ်ဓာတ်အား ရောင်းချရာမှာ ပြန်လည်ပြည့်မြဲ စွမ်းအင် ဖြစ်စေ၊ ပြန်လည် မဖွံ့ဖြိုးနိုင်တဲ့ ရုပ်ကြွင်းလောင်စာသုံး စွမ်းအင် ဖြစ်စေ တစ်သမတ် တည်း စျေးနှုန်းထိရှိကာ ရောင်းချရပါတယ်။ ဒါအပြင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံး ထုတ်လုပ်မှုတွေက သုံးစွဲတဲ့ ပမာဏထက် ပိုမို ထုတ်လုပ်ရပီး ထုတ်လုပ်မှုအဆင့်တွေ ပိုမိုဂရုစိုက်ရတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံပြီး နိုင်ငံတွင်း လျှပ်စစ်ဓာတ်အား ထုတ်လွှင့်မှု စနစ် မဟာဓာတ်အားလှိုင်းမှာ ချွတ်ယွင်းမှုဖြစ်ပေါ်တာကြောင့် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးတွေဖြစ်တဲ့ စပိန်နှင့် ပေါ်တူဂီနိုင်ငံတို့မှာတောင် မကြာသေးမှီကပဲ ရုတ်တရက် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်သွားတာက အထင်သာဆုံး ဥပမာပါပဲ။
မြန်မာနိုင်ငံအနေနဲ့ လက်ရှိ လျှပ်စစ်ကဏ္ဍမှာ ရေအားလျှပ်စစ်စွမ်းအင်ကို အဓိကမှီခိုနေရ ပါ တယ်။ ရေအားလျှပ်စစ်ကလည်း မိုးရာသီမှာ ပိုထုတ်နိုင်ပြီး နွေရာသီမှာ ထုတ်လုပ်နိုင်မှု ကျဆင်း သွား တတ်ပါတယ်။ အဘက်ဘက်က နိုင်ငံရေး ပဋိပက္ခတွေ၊ စီးပွါးရေး ကျဆင်းမှုတွေကြောင့် ပြည်သူ လူထုကို ရောင်းချပေးနိုင်မှု ကျဆင်းသွားသလို လျှပ်စစ်မီးအလှည့်ကျပေးတာတောင် မမှန် တာ တွေ့ရ ပါတယ်။
“တည်ငြိမ်တဲ့လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်အောင် ဆောင်ရွက်ဖို့ နဲ့ဘဏ္ဍာ ရေးနှစ် အလိုက် ထုတ်လုပ်မှုစရိတ်ပိုမြင့်မားလာတာကြောင့်”ဆိုပြီး ၂၀၂၄၊ စက်တင်ဘာလကပဲ လျှပ်စစ် မီတာခတွေ တိုးမြှင့်ကောက်ခံလိုက်ပါသေးတယ်။တိုးတက်နေတဲ့ ခေတ်ကြီးမှာ လျှပ်စစ်က ရွှေကဲ့သို့ အရေးကြီးတာပါပဲ။ စက်မှုလုပ်ငန်းတွေအစ စွန့်ဦးတီထွင် တစ်သီးပုဂ္ဂလုပ်ငန်းတွေအထိ လျှပ်စစ်ကို မဖြစ်မနေ အသုံးပြုကြရတာ မဟုတ်ပါလား။
ဒီလို လျှပ်စစ်မီး အခက်အခဲတွေဟာ တစ်ဖက်မှာ လူတန်းစား မညီမျှမှုကိုလည်း လှစ်ဟပြ နေသယောင် ရှိပါတယ်။ ငွေရှင်ကြေးရှင်တွေအနေနဲ့ လျှပ်စစ်မီးမမှန်လည်း ဆိုလာစွမ်းအင်နဲ့ အသံတိတ် နေနိုင် ပေမယ့် ငွေကြေးမရှိသူတွေအတွက်ကတော့ အမှောင်ထဲမှာ အသက်ဆက်ရှင်နေ ကြရဆဲပါ။ ကုန်စျေး နှုန်းနဲ့ စိုးရိမ်ပူပန်မှုတွေထဲ လျှပ်စစ်မီး ပြဿနာကိုလည်း အမှောင်မြန်မာထဲ မျှော်လင့်ချက်သာသာ ထမ်းပိုးထားနေ ရမြဲ ဖြစ်ပါတော့တယ်။
Vera သည် မန္တလေးနည်းပညာတက္ကသိုလ် မှ အင်ဂျင်နီယာ ကျောင်းသူဟောင်း တစ်ဦးဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များနှင့် လူအခွင့်အရေး၊ ဂျန်ဒါ တန်းတူညီမျှရေးတို့အတွက် စည်းရုံးလှုံ့ဆော်နေသော လူငယ်တစ်ဦးဖြစ်သည်။
“ရေရှည်တည်တံ့ရေးလှုံ့ဆော်ရင်းအနာဂတ်ကိုတည်ဆောက်ကြစို့”
ယခုဆောင်းပါးတွင် ဖော်ပြထားမှုများသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပြီး ရွှေတောင်သာဂသူစင်တာ ၏ အာဘော်မဟုတ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။ ဆက်သွယ်ရန်။ sabaitimes@shwetaungthagathu.com


