အသားစွန့်လှုမှုအီးဒ်ပွဲတော်ကို ရေရှည်တည်တံ့ခိုင်မြဲ၍ဟန်ချက်ညီမှု ရူ့ထောင်မှချဥ်းကပ်ခြင်း
SRIc Insights
အီးဒ်ဒွလ်အသွာဟာလို့ ခေါ်ဆိုကြတဲ့ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေရဲ့ အသားစွန့်လှုမှု အလှုဒါနပွဲတော်ကို နှစ်စဥ်ကျင်းပကြတာဖြစ်ပြီး အဓိက အားဖြင့် ကျွဲ၊နွား၊ဆိတ်၊သိုးနှင့် ကုလားအုတ် စသည့် စမြုပ်ပြန်နိုင်တဲ့ သတ္တဝါ အမျိုးအစား ၅ မျိုးကို အဓိက စွန့်လှုကြကာ စွန့်လှုအသားများကို ၃ ပုံ အညီအမျှခွဲဝေပြီး ပထမတစ်ပုံကို လူမှုအဖွဲ့အစည်းအတွင်း လူမျိုး၊ဘာသာမရွေးဆင်းရဲ့နွမ်းပါး၍အသားဓာတ်ချို့တဲ့သူများ၊ ဒုတိယတစ်ပုံကို ဆွေမျိုးရင်းချာများနှင့်လူမျိုးဘာသာမရွေးမိတ်ဆွေအပေါင်းအသင်းများ၊ တတိယတစ်ပုံကို ကာယံကာရှင်၏ မိသားစုအတွက် စသဖြင့် ခွဲခြမ်းကြရတာဖြစ်ပါတယ်။ အဆိုပါ အသားစွန့်လှုမှုပွဲတော်ကို ရေရှည်တည့်တံ့ခိုင်မြဲ၍ ဟန်ချက်ညီမှု ၏ အဓိက ဒေါက်တိုင် ၃ ခုဖြစ်သော သဘာဝပတ်ဝန်းကျင်၊ လူမှုဘဝနှင့် စီးပွားရေးဆိုင်ရာ ရူ့ထောင့် ၃ ခုမှ နေ၍ ယခုဆောင်းပါးတွင် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် သတ္တဝါမွေးမြူရေးလုပ်ငန်းသည် သဘာဝပတ်ဝန်ကျင်ရူ့ထောင့်ကြည့်လျှင် ရင်းမြစ်များစွာကို အသုံးပြုရသလို၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလည်း ရှိကာ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုလည်း ကြီးမားတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ တစ်ဖန် ၂၁ ရာစုလူ့အဖွဲ့အစည်းအတွင်း တိရိစ္ဆာန်အခွင့်အရေးကိုပါ အလေးထားစဥ်စားလာကြသည့်ယခုအချိန်တွင် အသားစွန့်လှုမှု အလှုဒါန ပွဲတော်နှင့်စပ်လျဥ်း၍ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီမှုရူ့ထောင့်မှ လည်းကောင်း၊ အစားအစာထုတ်လုပ်မှုစနစ်တွေဟာ အချိန်တိုအတွင်း၊ မြင်သာထင်သာရှိတဲ့ အချိန်ကာလတစ်ခုအတွင်းမှာ ဘယ်လိုပြုမူလုပ်ကိုင်သလဲဆိုတာကိုလည်း လေ့လာဖို့ ဒီစွန့်လှုမှုပွဲတော်ဟာ အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
သို့သော် အီးဒ်ရဲ့ ရေရှည်တည်တံ့ခိုင်မြဲ၍ဟန်ချက်ညီမှုဆိုင်ရာ သက်ရောက်မှုတွေဟာ အသားစွန့်လှုခြင်း ဆိုသည့် ဘာသာရေးထုံးတမ်းစဉ်လာတစ်ခုတည်းနှင့် သက်ဆိုင်တာမဟုတ်ပါဘူး။ ယင်းစွန့်လှုမှုကိုဗဟိုပြုပြီး တိရစ္ဆာန်မွေးမြူရေးထုတ်လုပ်မှု၊ လူမှုအဖွဲ့အစည်းအတွင်း ဖြည့်ဆည်းပေးမှု၊ မြို့ပြစျေးကွက်များနှင့် စီးပွားရေးဆိုင်ရာ ဖြန့်ဖြူးမှုစနစ်များ တိုးတက်ပြောင်းလဲလာပုံကြောင့်လည်း သက်ရောက်မှုတွေဟာ မူရင်း ဘာသာရေးအရ စွန့်လှုမှု ဆိုတာကြောင့်ဆိုတာထက် ပိုလာပါတယ်။
အီးဒ်အသားစွန့်လှုမှုဟာ သီးခြား ဘာသာရေး၊ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားတစ်ခုအနေနဲ့ လည်ပတ်နေတာထက်၊ ကမ္ဘာလုံးဆိုင်ရာ တိရစ္ဆာန်မွေးမြူရေးစီးပွားရေးလုပ်ငန်းတွေရဲ့ အချိန်ကာလတစ်ခုအတွင်း ဝယ်လိုအားနှင့် ရောင်းလိုအား အရှိန်မြှင့်တင်မှုတစ်ခုအနေနဲ့ သက်ရောက်မှုရှိနေတာလည်းဖြစ်ပါတယ်။ စွန့်လှုမှုပွဲတော်မတိုင်မီရက်သတ္တပတ်များအတွင်းမှာ၊ တိရစ္ဆာန်များကို ကျေးလက်စားကျက်မြေများမှ မြို့ပြနှင့် မြို့ပြအနီးပတ်ဝန်းကျင်စျေးကွက်များဆီသို့ သယ်ယူပို့ဆောင်ကြပြီး၊ ထိုနေရာမှာ မြင့်တက်လာသည့် ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းကြတာဖြစ်ပါတယ်။ အီးဒ်စွန့်လှုမှုအလှုဒါနအတွက် ဈေးကွက်ဝယ်လိုအားပေါ်မူတည်၍ အပြောင်းအရွေ့များကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖိအားအသစ်ပုံစံမျိုးကို ဖန်တီးခြင်းထက်၊ လက်ရှိ ရှိနှင့်နေပြီးသား မွေးမြူရေးလုပ်ငန်းနယ်ပယ်၏ လုပ်ငန်းလည်ပတ်မှုသဘောတရားအရ သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများကို ပိုပြီးထင်သာမြင်သာ တွေ့မြင့်ခွင့်ရတာသာဖြစ်ပါတယ်။
တိရစ္ဆာန်မွေးမြူရေးထုတ်လုပ်မှုလုပ်ငန်း၏ဂေဟဗေဒခြေရာ (စမြုပ်ပြန်တိရစ္ဆာန်များမှ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု၊ စားကျက်မြေအသုံးပြုမှု၊ နှင့် အစာထုတ်လုပ်မှုစနစ်အတွက် ရေလိုအပ်ချက်) စသည် တစ်နှစ်ပတ်လုံး တိရစ္ဆာန်မွေးမြူရေး၊ထုတ်လုပ်မှုလုပ်ငန်းစဥ်တစ်လျှောက် ကာဗွန်ထုတ်လွှတ်မှုကို တွက်ချက်တာဖြစ်ပြီး၊ အီးဒ်အတွင်း ပြောင်းလဲသွားတာကတော့ သားကောင်ကို စွန့်လှုရန် ဇီဝိန်ချုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနဲ့ ဖြန့်ဖြူးခြင်းတို့ရဲ့ အရှိန်နဲ့ အချိန်ကာလအပိုင်းအခြားပဲဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်ရှုထောင့်ကကြည့်ရင်၊ ရက်သတ္တပတ်အနည်းငယ်အတွင်း ဝယ်လိုအားလွန်စွာ မြင့်တက်မှု့ကြောင့် သဘာဝပတ်ဝန်းကျင် အပေါ်သက်ရောက်မှုဟာ အခြေခံအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုအသစ်တွေအဖြစ်ထက်၊ ဒေသအလိုက် တိရိစ္ဆာန်မွေးမြူးရေးလုပ်ငန်းနှင့် စွန့်လှုသည့် နေရာများတွင် သက်ရောက်မှုတွေ ရုတ်တရက်ဖြစ်စေတာမျိုးဖြစ်ပါတယ်။ ဥပမာ။ မြို့ပြများရှိ သားသတ်ရုံများနှင့်ဆိုင်ရာ အခြေခံအဆောက်အအုံများသည် အချိန်တိုအတွင်း အော်ဂဲနစ်စွန့်ပစ်ပစ္စည်းအမြောက်အမြား (သွေးရည်ကြည်၊ အသားအကြွင်းအကျန်များ)နှင့် ထုပ်ပိုးမှုလုပ်ငန်းစဥ်မှ အမှိုက်များ အပါအဝင် သည် ရက်အနည်းငယ်အတွင်း အမှိုက်ထုတ်လုပ်မှုမြင့်တက်လာခြင်းဖြစ်ပါတယ်။
သို့သော်လည်း ဒေသအလိုက် သဘာဝတ်ပတ်ဝန်းကျင်အပေါ်ညစ်ညမ်းမှုများဟာ တစ်နေရာနှင့် တစ်နေရာ တူညီမှုမရှိပါဘူး။ စနစ်တကျအားကောင်းသည့် မြူနီစပါယ်စီမံခန့်ခွဲမှုများလုပ်ဆောင်နိုင်သည့်နေရာများနှင့် အအေးခန်းကွင်းဆက်စနစ်များ စနစ်တကျရှိသော ဒေသများတွင်၊ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုဖိအားကို ပိုမိုထိရောက်စွာ လျော့ကျနိုင်စေပါတယ်။
စီမံခန့်ခွဲမှာအားနည်းသော၊ အရင်းအမြစ်နည်းပါးသော ပတ်ဝန်းကျင်များတွင်မူ၊ အမှိုက်အညစ်အကြေးများ စုပုံခြင်းနှင့် ပျက်စီးယိုယွင်းခြင်းတို့သည် ပိုမိုမြင်သာစေနိုင်တဲ့ သက်ရောက်မှုတွေဖြစ်ပါတယ်။ အဆိုပါ ထိခိုက်မှုများသည့် စားသုံးသူကြောင့်ဖြစ်သော ထိခိုက်မှုသက်သက်ထက် အခြေခံအဆောက်အအုံဆိုင်ရာ ကွာဟချက်များကို ဖော်ထုတ်ပြသနေခြင်းလည်း ဖြစ်ပါတယ်။
လူမှုရေးရူထောင့်အရဆိုရင်၊ အီးဒ်ဟာ ဆင်းရဲနွမ်းပါးသူများကို ပြန်လည်မျှဝေခြင်းနှင့် စုပေါင်းသက်သာချောင်ချိရေးဆိုင်ရာ အခြေခံမူများနဲ့ နက်ရှိုင်းစွာ ဆက်နွယ်နေတာဖြစ်ပါတယ်။ စွန့်လှုအသားကို မိသားစုဝင်များ၊ ဆွေမျိုးများနှင့် လိုအပ်နေသူများကြားတွင် ခွဲဝေပေးသည့် ကျင့်သုံးမှုသည် သိသာထင်ရှားသည့် အစားအစာမျှ (ရင်းမြစ်များကို) မျှဝေခြင်းယန္တရားကို ဖန်တီးပေးကာ ဝင်ငွေနည်းအိမ်ထောင်စုများစွာအတွက် တိရစ္ဆာန်ပရိုတင်းကို လက်လှမ်းမီနိုင်မှုကိုလည်း ဖြည့်ဆည်းပေးတာဖြစ်ပါတယ်။ ဤပြန်လည်မျှဝေခြင်းလုပ်ငန်းသည် နောက်ဆက်တွဲလုပ်ငန်းစဥ်တစ်ခုမဟုတ်ပဲ၊ ဘာသာရေးထုံးတမ်းစဉ်လာ၏ အဓိကကျင့်ဝတ်ဆိုင်ရာ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ရေရှည်တည်တံ့၍ ဟန်ချက်ညီမှုအရဆိုရင်၊ ၎င်းသည် တရားဝင်နိုင်ငံတော်၏ လူမှုဖူလုံရေးစနစ်များအပြင်ဘက်တွင် လည်ပတ်နေသော လူမှုရေးဖှုလုံရေးကွန်ရက်ပုံစံတစ်ခုကို ကိုယ်စားပြုပါတယ်။ တစ်ချိန်တည်းမှာပင်၊ လျင်မြန်သော မြို့ပြအသွင်ကူးပြောင်းမှုနှင့် စားသုံးမှုပုံစံများ ပြောင်းလဲလာမှုသည် ဤပြန်လည်ခွဲဝေမှု မည်သို့ဖြစ်ပွားသည်ကို ပြောင်းလဲစေပြီး၊ မြို့ကြီးများစွာတွင် ထုပ်ပိုးထားသော အသားဝန်ဆောင်မှုများနှင့် အလုပ်အပ်နှင်းခံရသည့် သားသတ်လုပ်ငန်းများအပေါ် မှီခိုမှု တိုးလာလျက်ရှိပါတယ်။
စီးပွားရေးအရဆိုရင်၊ အီးဒ်သွလ်အသွာဟာဟာ တိရစ္ဆာန်မွေးမြူရေးစီးပွားရေးအတွက် ရာသီအလိုက် စျေးကွက်အရှိန်မြှင့်တင်ပေးမှုတစ်ခုအဖြစ် လည်း သက်ရောက်စေပါတယ်။ ကျေးလက်ဒေသထုတ်လုပ်သူများသည် စွန့်လှုမှုပွဲတော်ကို အဓိကဝင်ငွေရကာလတစ်ခုအဖြစ် မှီခိုလေ့ရှိပြီး၊ လပေါင်းများစွာ တိရစ္ဆာန်မွေးမြူမှုကို ငွေကြေးစီးဆင်းမှု (ဝင်ငွေ) အဖြစ် အချိန်တိုအတွင်း ပြောင်းလဲရောင်းချကြတာဖြစ်ပါတယ်။ ဤရာသီပေါ် ဝယ်လိုအားသည် မွေးမြူရေးနှင့် အသေးစားလယ်သမားများအတွက် အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုကာ၊ ကျေးလက်-မြို့ပြ စီးပွားရေးဆက်သွယ်မှုများကို အားဖြည့်ပေးပါတယ်။ သို့သော် ၎င်းသည် မတည်ငြိမ်မှုကိုလည်း ဖြစ်ပေါ်စေပြီး၊ အထူးသဖြင့် အီးဒ်မတိုင်မီရက်သတ္တပတ်များအတွင်း တိရစ္ဆာန်စျေးနှုန်းများ သိသိသာသာ မြင့်တက်လာတတ်ခြင်းသည့် မြို့ပြစျေးကွက်များတွင် အချို့သောအိမ်ထောင်စုများကို စွန့်လှုရာတွင် အပြည့်အဝပါဝင်နိုင်မှုမရှိအောင် ကန့်သတ်ထားသလိုဖြစ်စေပါတယ်။ ခေတ်သစ်ကုန်သွယ်မှုကွန်ရက်များသည် ဤသယ်ယူပို့ဆောင်ရေးလုပ်ငန်းအများစုကို လွှမ်းမိုးထားပြီး၊ အသေးစားထုတ်လုပ်သူများအတွက် လက်လှမ်းမီနိုင်မှုကို ဖန်တီးပေးသလို၊ စည်းမျဉ်းစည်းကမ်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကြီးကြပ်မှုအတွက် စိန်ခေါ်မှုများလည်း ဖန်တီးပေးပါတယ်။
မျက်မှောက်ခေတ်ကာလတွင် အီးဒ်၏ ရေရှည်တည်တံ့ခိုင်မြဲ၍ဟန်ချက်ညီမှုကို ပုံဖော်နေသော အဓိကပြောင်းလဲမှုတစ်ခုမှာ ပွဲတော်ကို အခြေပြု၍ စီးပွားဖြစ်လုပ်ငန်းသဘောသဘာဝ ပိုမိုကြီးထွားလာခြင်းဖြစ်ပါတယ်။ ရိုးရာ၊ ရပ်ရွာဗဟိုပြု သားကောင်ကိုဇီဝိန်ချုပ်၍ စွန့်လှုခြင်းအလေ့အထများမှသည် စက်မှုလုပ်ငန်းဆန်ဆန်၊ ဝန်ဆောင်မှုအခြေပြု အီးဒ်စီးပွားရေးများဆီသို့ ကူးပြောင်းခြင်းသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုအတွက် သိသာထင်ရှားဆုံး အနှုတ်လက္ခဏာဆောင်သည့် ဖိအားများထဲမှ တစ်ခုအဖြစ် ပေါ်ထွက်လာပါတယ်။
ဤစီးပွားဖြစ်လုပ်ငန်းတွင် ထုပ်ပိုးထားသော အသားပို့ဆောင်မှုဝန်ဆောင်မှုများ၊ သားကောင်းကို ဇီဝိန်ချုပ်မှုဆိုင်ရာ အဆောက်အအုံများ၊ ဗဟိုမှ ချုပ်ကိုင်သည့်တိရစ္ဆာန်စျေးကွက်များနှင့် စူပါမားကတ်များက မောင်းနှင်သည့် တိရစ္ဆာန်ဝယ်ယူမှုများ ပါဝင်ပါတယ်။ ဤစနစ်များသည် သန့်ရှင်းရေး၊ ထောက်ပံ့ပို့ဆောင်ရေးစွမ်းဆောင်ရည်နှင့် အဆင်ပြေမှုကို ပိုမိုကောင်းမွန်စေနိုင်သော်လည်း၊ ထောက်ပံ့ရေးကွင်းဆက်၏ ရှုပ်ထွေးမှုကို တိုးမြှင့်စေပြီး သယ်ယူပို့ဆောင်ရေး၊ အအေးခန်းထားရှိမှုနှင့် ပြုပြင်ထုတ်လုပ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများမှတစ်ဆင့် စွမ်းအင်သုံးစွဲမှုကိုလည်း တိုးပွားစေပါတယ်။ အရေးကြီးတာက၊ ဤဖွဲ့စည်းပုံဆိုင်ရာ အသွင်ပြောင်းလဲမှုသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အနှုတ်ပြသည့်အကျိုးဆက်များကို ပိုမိုပုံဖော်လာနေခြင်းဖြစ်ပြီး၊ ဘာသာရေးထုံးတမ်းစဉ်လာ အီးဒ်ပွဲတော်ကကိုယ်တိုင်က ဖြစ်ပေါ်စေတာမဟုတ်ပါဘူး။ ယနေ့ခေတ် အီးဒ်၏ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီမှုမှုဆိုင်ရာ စိန်ခေါ်မှုသည် သားကောင်းကို စွန့်လှူရန် အသက်ဇီဝိန်ချုပ်ခြင်းလုပ်ငန်းစဥ်မှ မဟုတ်ပဲ၊ ထိုစွန့်လှုမှုလုပ်ငန်းစဥ်၏ အတိုင်းအတာကြီးမားလာမှု၊ စီးပွားဖြစ်လုပ်ငန်းအဖြစ်အဖြစ်ပြောင်းလဲခြင်းနှင့် မြို့ပြနှင့် ပေါင်းစည်းလာမှုတို့ကြောင့် အဓိက ဖြစ်ပါတယ်။
နည်းလမ်းများစွာဖြင့် စီးပွားဖြစ် အီးဒ်စနစ်ပုံစံဆီသို့ ကူးပြောင်းခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စားသောက်ကုန်လုပ်ငန်းစီးပွားရေးတွင် ကျယ်ပြန့်သော အသွင်ကူးပြောင်းမှုတစ်ခုကို ကိုယ်စားပြုပါတယ်။ ၎င်းမှာ ဒေသအလိုက်၊ လူမှုရေးအရ အခြေပြုထားသော အလေ့အထများမှ စက်မှုလုပ်ငန်းဆန်ဆန်၊ ဝန်ဆောင်မှုကို ဦးတည်သည့် စားသုံးမှုကွင်းဆက်များဆီသို့ ပြောင်းလဲခြင်းဖြစ်ပါတယ်။ ဤအပြောင်းအလဲသည် ဘာသာရေးအရ စွန့်လှုပြန်လည်မျှဝေခြင်းယန္တရားကို အားနည်းစေပြီး၊ တစ်ချိန်တည်းမှာပင် ဗဟိုမှချုပ်ကိုင်သည့် ထောက်ပံ့ပို့ဆောင်ရေးနှင့် ထုပ်ပိုးမှုစွန့်ပစ်ပစ္စည်းများမှတစ်ဆင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခြေရာကို တိုးမြှင့်စေနိုင်ပါတယ်။ ဤသို့ဖြစ်၍ အီးဒ်စွန့်လွှတ်မှုနှင့်ပတ်သတ်၍ ရေရှည်တည်တံ့ခိုင်မြဲ၍ဟန်ချက်ညီမှုဆိုင်ရာ ဆွေးနွေးငြင်းခုံမှုသည် မူလအစ္စလာမ်ဘာသာ၏ လမ်းညွှန်ချက်များနှင့် ၎င်းပတ်လည်တွင် ကြီးထွားလာသော စီးပွားရေးခေတ်သစ်စနစ်များကို ပိုင်းခြားသိမြင်ရန်လိုအပ်မည်ဖြစ်ပါတယ်။
ဤသို့ခွဲခြမ်းစိတ်ဖြာချက်အရ၊ အီးဒ်ဒွလ်အသွာဟာစွန့်လှုမှု၏ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများကို ထိန်းသိမ်းပေးရင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို လျှော့ချပေးနိုင်မယ့် မူဝါဒလမ်းညွှန်ချက်များစွာ ပေါ်ထွက်လာစေနိုင်ရန်အရေးကြီးတာကို တွေ့နိုင်ပါတယ်။
ပထမဦးစွာ၊ အစိုးရများနှင့် ဒေသဆိုင်ရာမြူနီစပါယ်အဖွဲ့အစည်းများအနေဖြင့် မြို့ပြအတွင်းရှိ စီမံခန့်ခွဲမှု ဖိအားကို လျှော့ချရေးနှင့် သန့်ရှင်းရေးနှင့် စွန့်ပစ်ပစ္စည်းထိန်းချုပ်မှုကို ပိုမိုကောင်းမွန်စေမယ့် ဗဟိုချုပ်ကိုင်မှုလျှော့ချထားသော်လည်း စည်းမျဉ်းစည်းကမ်းရှိသည့် သားသတ်ခြင်းဆိုင်ရာ အခြေခံအဆောက်အအုံများတွင် ဖန်တီးရာတွင်ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။
ဒုတိယအနေဖြင့်၊ ရပ်ရွာအဆင့်တွင် အအေးခန်းကွင်းဆက်နှင့် အသားသိုလှောင်မှုစနစ်များကို အားဖြည့်ပေးခြင်းသည် စွန့်လှုမှုပွဲတော်ကာလအတွင်း ပျက်စီးယိုယွင်းမှုနှင့် အစားအစာစွန့်ပစ်ပစ္စည်းကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
တတိယအနေဖြင့်၊ ပွင့်လင်းမြင်သာပြီး တရားမျှတသော တိရစ္ဆာန်စျေးကွက်များကို ထောက်ပံ့ပေးသည့် မူဝါဒများသည် စျေးနှုန်းမတည်ငြိမ်မှုကို တည်ငြိမ်စေရင်း အသေးစားလယ်သမားများကို ခေါင်းပုံဖြတ်သော ပွဲစားများထံမှ ကာကွယ်ပေးနိုင်ပါတယ်။
စတုတ္ထအနေဖြင့်၊ ပွဲတော်အချိန်ကာလအတွက် အထူးဒီဇိုင်းထုတ်ထားသော တရားဝင်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်များ (ဥပမာ အော်ဂဲနစ်စွန့်ပစ်ပစ္စည်းစုဆောင်းခြင်းနှင့် ပြုပြင်ခြင်းစနစ်များ) ကို ပေါင်းစည်းခြင်းသည် မြို့ပြဗဟိုဌာနများတွင် ကာလတိုသဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။
နောက်ဆုံးအနေဖြင့်၊ ရိုးရာအစဉ်အလာအတိုင်း အသားပြန်လည်ခွဲဝေခြင်းကွန်ရက်များ (ပရဟိတဖြန့်ဖြူးရေးစနစ်များ အပါအဝင်) ကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ပံ့ပိုးခြင်းသည် စီးပွားဖြစ်လုပ်ငန်း ကျယ်ပြန့်လာသည်နှင့်အမျှ အီးဒ်စွန့်လှုမှု၏ လူမှုတန်းတူညီမျှမှုဆိုင်ရာ အကျိုးကျေးဇူးများ ဆုံးရှုံးမသွားစေရန် ဂရုပြုရန်လိုအပ်ပါတယ်။
အချုပ်အားဖြင့်၊ အိီးဒ်အသွာဟာ၏ ရေရှည်တည်တံ့ခိုင်မြဲ၍ဟန်ချက်ညီမှုကို ၎င်း၏ ဘာသာရေးအခြေခံအုတ်မြစ်များတစ်ခုတည်းက ဆုံးဖြတ်သည်မဟုတ်ဘဲ၊ ခေတ်သစ်အစားအစာဖြန့်ဝေရေး စီမံခန့်ခွဲမှုစနစ်များက ၎င်း၏ကျင့်သုံးမှုကို မည်သို့ထိန်းညှိပေးနိုင်မလဲ ဆိုသည့်အချက်က အဆုံးအဖြတ်ပါတယ်။
စီးပွားဖြစ်လုပ်ငန်းများ အရှိန်မြှင့်လာသည်နှင့်အမျှ၊ အဓိကစိန်ခေါ်မှုမှာ အသားစွန့်လှုမှုအီးဒ်ရှိသင့်၊ မရှိသင့်ဆိုတာမဟုတ်ဘဲ၊ ခေတ်စနစ်နှင့်အညီ ပြောင်းလဲလာသော အခြေခံအဆောက်အအုံများကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခံနိုင်ရည်ရှိမှု၊ လူမှုတန်းတူညီမျှမှုနှင့် စီးပွားရေးအရအကျိုးအမြတ်ရနိုင်မှုတို့ကြား မည်သို့ မျှတအောင် ဆောင်ရွက်နိုင်မလဲဆိုတာပဲ ဖြစ်ပါတယ်။
တင်သျှိုင်းအောင်သည် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းတက္ကသိုလ် မှ ရေရှည်တည်တံ့ခိုင်မြဲ၍ဟန်ချက်ညီမှုဆိုင်ရာ သုတေသီတစ်ဦးဖြစ်ဦး လက်ရှိတွင် ရွှေတောင်သာဂသူစင်တာ၏ အတိုင်ပင်ခံဒါရိုက်တာလည်း ဖြစ်ပါတယ်။
“ရေရှည်တည်တံ့ရေးလှုံ့ဆော်ရင်းအနာဂတ်ကိုတည်ဆောက်ကြစို့”
Help Sustain The Sabai - Myanmar’s Voice for Sustainable Development Support The Sabai



