နိဒါန်း
မြန်မာနိုင်ငံလို့ပြောလိုက်ရင်ဖြင့် သဘာ၀တရားတွေနဲ့ လှပတဲ့နိုင်ငံ၊ ယဉ်ကျေးမှုတွေ ထွန်းကားတဲ့နိုင်ငံ၊ သယံဇာတတွေ ပေါကြွယ်၀တဲ့နိုင်ငံ စသည်ဖြင့် ပြေးမြင်နိုင်လောက်တဲ့ ခေါင်းစဉ်တပ်စရာတွေက ဒုနဲ့ဒေးပါ။ ဒါပေမဲ့ ယခုလက်ရှိမှာ ဒီလိုလှပတဲ့နိုင်ငံဟာ သဘာ၀ဘေးအန္တရာယ်တွေနဲ့ လူ့အခွင့်ရေးဆုံးရှုံးမှုတွေကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတယ်ဆိုတာ ယုံနိုင်စရာရှိပါ့မလား။
အားလုံးသိကြသလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခဲ့ချိန်ကစလို့ မြန်မာပြည်ရဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ ယိုယွင်းပျက်စီးခဲ့ပြီး၊ ပညာရေး၊ စီးပွားရေး နဲ့ လူမှုရေး၊ အစစအရာရာဟာ အောက်ဆုံးကို ထိုးဆင်းခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုရဲ့ ဒါဏ်ကို အများဆုံးခံကြရတာကတော့ အလွှာနဲ့ပြောရရင် အခြေခံလူတန်စားအများစုနဲ့ လူလတ်တန်းစားအချို့ဖြစ်ပြီး၊ မျိုးဆက်အားဖြင့် ပြောရရင် ဆယ်ကျော်သက်ကလေးတွေနဲ့ လူငယ်တွေပဲဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ အခြေခံပညာရေးကစလို့ အသက် ၁၈ နှစ် ကနေ ၃၅ နှစ် အတွင်းရည်ရွယ်တဲ့ စစ်မှုထမ်းဥပဒေအဆုံး ဖိနှိပ်မှုတွေရဲ့ သက်ရောက်မှုကို အများဆုံးခံစားနေကြရပါတယ်။ ဒီထဲမှာတော့ ပညာရေး နယ်ပယ်ဟာ အထိအနာဆုံး နယ်ပယ်တစ်ခုဖြစ်လို့နေပါတယ်။
ဒီဆောင်းပါးကတော့ Sustainable Development Goal ၁၇ ခုထဲကမှ “ပညာရေး” ဆိုတဲ့ ခေါင်းစဉ်ကို အဓိက ဦးတည်ပြီး ရေးသားထားတာဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေးအခြေအနေ၊ လူ့အဖွဲ့စည်းအပေါ် ပညာရေးရဲ့ သက်ရောက်မှုတွေနဲ့၊ ကျနော်တို့တွေ ဘာတွေဆက်လုပ်သင့်သလဲဆိုတာတွေကို ကိုယ်ပိုင်အမြင်နဲ့ပေါင်းစပ်ပြီးတော့ ဒီဆောင်းပါးမှာ သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။
မျက်မှောက်ကာလ ပညာရေး အခြေအနေ
၂၀၂၀ ခုနှစ် COVID-19 ကာလကစလို့ အခြေခံစာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေ ပိတ်ခဲ့ရပါတယ်။ အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာ အစိုးရကျောင်းတွေကိုပြန်ဖွင့်ဖို့ ကြိုးစားခဲ့ပေမဲ့လည်း ပြည်သူတွေရဲ့ အယုံကြည်မရှိမှုနဲ့ စိတ်ချလုံခြုံမှုမရှိခြင်းတို့ကြောင့် ကျောင်းပြန်တက်ကြတဲ့ လူဦးရေဟာ လျော့နည်းလာပါတယ်။
လူငယ်တွေအတွက်တော့ ပညာရေးဆိုတာဟာ ရပ်တန့်ထားလို့ရတဲ့ အရာမဟုတ်တာကြောင့်၊ အားလုံးဟာ ကိုယ်တတ်နိုင်တဲ့နည်းနဲ့ကိုယ် ရှေ့ဆက်ဖို့ ကြိုးစားကြရပါတယ်။
ဒီလို ရှေ့ဆက်ဖို့ ကြိုးစားကြတဲ့ လူတွေကြားမှာ လူတန်းစားနှစ်ရပ်ပေါ်ထွက်လာပါတယ်။
ပထမလူတန်းစားကတော့ မြို့နေလူတန်းစားဖြစ်ပြီး၊ ပညာရေးကို တ၀က်တပျက် ရပ်တန့်လိုက်ရပြီးတဲ့နောက်၊ နိုင်ငံခြားမှာ ပိုမြင့်တဲ့ ပညာရေးလမ်းကြောင်းကို ဆက်လက်အကောင်ထည်ဖော်ဖို့ ကြိုးစားကြတဲ့သူတွေပဲဖြစ်ပါတယ်။ အားလုံးသိကြလိုပါပဲ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ဆိုတာဟာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ အခက်ခဲများစွာထဲကမှ ငွေရေးကြေးရေးအခက်ခဲဟာ အကြီးမားဆုံးလို့ ထောက်ပြလို့ရနိုင်ပါတယ်။
ပထမလူတန်းစားအများစုဟာ နိုင်ငံတကာ အသိမှတ်ပြု အထက်တန်းအောင်လက်မှတ်တွေဖြစ်တဲ့ GED, IGCSE စတာတွေကို ပြင်ဆင်ကြရပါတယ်။ ဒါပေမဲ့လည်း ဒါတွေကို ပြင်ဆင်ဖို့အတွက် အချိန်နဲ့ ငွေကမနည်းမနောပါ။ တရိပ်ရိပ်နဲ့ ကျဆင်းလာတဲ့ ငွေတန်ဖိုးအောက်မှာ ကျောင်းလခ၊ စာမေးပွဲကြေး စတာတွေဟာ ကျောင်းသားတွေအတွက် အိပ်မက်ဆိုးတွေပမာ ခြောက်လှန့်လိုနေပါတယ်။ ဒါကြောင့် နိုင်ငံတကာပညာရေးကို တက်လှမ်းဖို့ကြိုးစားကြတဲ့ လူတန်းစားအများစုဟာ အထက်တန်းလွှာတွေနဲ့ ၀င်ငွေပုံမှန်ရှိကြတဲ့ လူလတ်တန်းစားတွေပဲဖြစ်ကြတာပါ။
သို့ပေသိ ဒီနိုင်ငံမှာတင် ပြင်ဆင်မှုတွေပြီးသွားခဲ့ရင်တောင် နိုင်ငံခြားမှာကျောင်းတက်ဖို့အတွက် ကျောင်းလခ၊ နေစားစရိတ် စတာတွေကိုလည်း ထည့်စဉ်းစားဖို့လိုပါသေးတယ်။ ပညာသင်ဆုတွေဟာ လူတိုင်းကိုပေးတာမဟုတ်တာကြောင့် နောက်ဆက်တွဲ ရင်ဆိုင်ရမဲ့ ငွေကြေးပြဿနာတွေအတွက် ကြိုတင်ပြင်ဆင်ထားမှုက လိုကိုလိုအပ်ပါတယ်။
ဒုတိယလူတန်းစားကတော့ အခြေခံလူတန်းစားပါ။ ဒီအခြေခံလူတန်းစားဆိုတာမှာ ၀င်ငွေပုံမှန်မရှိ သို့မဟုတ် ၀င်ငွေနည်းပါးတဲ့ လူတွေ၊ ငွေကြေးပြေလည်သော်ငြားလည်း မြို့ပြနဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ နေထိုင်တဲ့သူတွေနဲ့ စစ်ဘေးရှောင်ကလေးတွေပါပါ၀င်ပါတယ်။
ဒီထဲက ၀င်ငွေနည်းပါးတဲ့ သူတွေထဲမှာမှ ပညာရေးကို လုံး၀ရပ်တန့်လိုက်တဲ့ သူတွေရှိသလို၊ ငွေကုန်ကြေးကျသက်သာတဲ့ အစိုးရကျောင်းတွေကိုပဲ ရွေးချယ်ကြရတဲ့ သူတွေလည်းရှိပါတယ်။ ဒီလူတန်းစားမှာ ဘယ်လိုလူမျိုးပဲဖြစ်ပါစေ ကျနော်တို့မှာ အပြစ်တင်ခွင့်မရှိပါဘူး။
မြို့ပြနဲ့ဝေးပြီး ဝေးလံခေါင်ပါးတဲ့ ဒေသတွေမှာ နေထိုင်တဲ့သူတွေအဖို့တော့ နိုင်ငံတကာပညာရေးဆိုတဲ့ ခေါင်းစဉ်ဟာ သူတို့အတွက် အလှမ်းဝေးနိုင်ပါတယ်။ ဒါ့အပြင် အင်တာနက်ကောင်းစွာ အသုံးပြု၍ မရနိုင်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အားနည်းခြင်းတွေကြောင့် ပညာရေးတင်မကဘဲ အစစအရာရာဟာ နှောင့်နှေးစေပါတယ်။ ဒါကြောင့် ပညာရေးနဲ့ ပတ်သက်တဲ့ အခွင့်လမ်းတွေကို ထိုးထွင်းသိရှိနိုင်စွမ်း အားနည်းကြပါတယ်။ ငွေကြေးရှိသော်ငြား လုံလောက်သော Knowledge နဲ့ Awareness မရှိမှုတွေကြောင့် ပညာရေးကို ရပ်တန့်ထားရတာဟာ ၀မ်းနည်းစရာကောင်းလှပါတယ်။
နောက်ဆုံး စစ်ဘေးဒါဏ်ကို ခံနေရကြတဲ့ ကလေးတွေအတွက်ကတော့ ပညာရေးဆိုတာဟာ ထည့်သွင်းစဉ်းစားစရာ ခေါင်းစဉ်တစ်ခုတောင် မဟုတ်ပါဘူး။ အသက်ရှင်သန်ရေးဟာသာလျှင် အရေးကြီးတဲ့အရာဖြစ်ပါတယ်။ ဒါကြောင့် သူတို့လေးတွေတွက် ပညာရေးဟာ လက်လှမ်းမမှီတဲ့ ကမ်းပါးကြီးတစ်ခု အနေနဲ့ တည်ရှိလို့နေပါတယ်။
ဘယ်လူတန်းစားပဲဖြစ်ပါစေ၊ မြန်မာနိုင်ငံအတွက်တော့ ပညာရေးဟာ နေရာတိုင်း၊ ဒေသတိုင်းမှာ လိုအပ်လျက်ရှိပါတယ်။
ပညာရေး၏ အခန်းကဏ္ဍ
ပညာရေးဟာ ဘယ်လောက်အရေးပါသလဲ။
နိုင်ငံတစ်နိုင်ငံမှာ ပညာရေးကသာ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ပညာရေးဟာ လူ့အဖွဲ့စည်းရဲ့ ထောက်တိုင်ဖြစ်ပြီး၊ လူတစ်ယောက်ချင်းစီကို ဗသုသုတ၊ အသိဉာဏ်နဲ့၊ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကို တပ်ဆင်ပေးပါတယ်။ ဒီလူတွေပေါင်းစည်းခြင်းအားဖြင့် ပိုမြင့်မားတဲ့ လူနေမှုစနစ်နဲ့ တည်ငြိမ်တဲ့ Economy ကို ဖန်တီးပေးနိုင်မှာပါ။ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူတန်းစားမညီမျှမှုတွေနဲ့ လူ့အခွင့်ရေး ချိုးဖောက်ခံရမှုတွေဟာ ပညာရေးနိမ့်ကျခြင်းကို မီးမောင်းထိုးပြလို့နေပါတယ်။
COVID-19 ကာလကို တစ်ချက်ပြန်ကြည့်လိုက်ရအောင်။ မြန်မာနိုင်ငံအနေနဲ့ COVID မဖြစ်ခင် Head Start လေးလခန့်ရခဲ့သော်ငြားလည်း လူတန်းစား မညီမျှမှုတွေနဲ့ Stable မဖြစ်သော Economy ကြောင့် ပြင်ဆင်မှုတွေဟာ မထိရောက်ခဲ့ပါဘူး။ Stay-at-home ကာလမှာ လူအများစုအတွက် ၀င်ငွေပြတ်လပ်ခဲ့ပြီး၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိမရှိကြခြင်းတို့ကြောင့် COVID-19 ရဲ့ ဒါဏ်ကို ပြည်သူတွေ အတော်လေး ခံစားခဲ့ရပါတယ်။
ဒီစာကိုရေးနေချိန်မှာ လွန်ခဲ့တဲ့ နှစ်လလောက်က ၀မ်းရောဂါတွေဖြစ်ခဲ့ကြပါသေးတယ်။ သန့်ရှင်းတဲ့ နေထိုင်စားသောက်မှုမရှိခြင်းနဲ့၊ ကျန်းမာရေးအသိနည်းပါးခြင်းတို့ကြောင့် ပျံ့နှံ့မှုနှုန်းကမြန်ဆန်ခဲ့ပါတယ်။
ယခုလက်ရှိရေဘေးဒါဏ်ကို ရင်ဆိုင်ကြရတဲ့အခါမှာလည်း ကြိုတင်ပြင်ဆင်မှုမရှိခြင်းနဲ့ Awareness နည်းပါးခြင်းတို့ကြောင့် လိုအပ်တာထက်ပိုပြီး အများကြီးထိခိုက်ခဲ့ရပါတယ်။
Sexual Harassment အဖြစ်အများဆုံးနိုင်ငံတွေကို စာရင်းပြုစုရင် မြန်မာနိုင်ငံဟာ ထိပ်ဆုံး နိုင်ငံ ၂၀ထဲမှာ ရပ်တည်လျှက်ရှိပါတယ်။ ဒါဟာလည်း မြန်မာနိုင်ငံရဲ့ Sex Education အားနည်းမှုနဲ့ အမျိုးသမီးအခွင့်အရေးတွေကို နားလည်မှု နည်းပါးခြင်းကြောင့်လို့ ပြောရင်မမှားပါဘူး။
စစ်အာဏာသိမ်းစအချိန်မှာ ပြည်သူတွေ ၇၂ နာရီလုံးလုံး အပြင်ကိုမထွက်ဘဲ နေခဲ့ကြတာကို ကြည့်ရင်၊ အားလုံးဟာ အယုံလွယ်ခဲ့ပြီး ကိုယ်ပိုင်ချင့်ချိန်စဉ်းစားနိုင်စွမ်း အားနည်းခဲ့တာကို မျက်ဝါးထင်ထင်မြင်ခဲ့ကြရပါတယ်။ ဒါကြောင့် ကိစ္စရပ် တစ်ခုခု ဖြစ်လာရင် ကိုယ်ပိုင်အမြင်နဲ့ သုံးသပ်ပြီး အမှားအမှန်ခွဲခြား ဆုံးဖြတ်တတ်ဖို့ Critical Thinking ဟာ လူတိုင်းအတွက်လိုအပ်လျက်ရှိပါတယ်။ ဒါတွေကို ပညာရေးကသာ ဖော်ဆောင်ပေးနိုင်မှာပါ။
အထက်ပါ ကိစ္စရပ်များကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ပညာရေးဟာ အခြား ကဏ္ဍတွေထက် အများကြီးပိုလိုအပ်နေတာကို မြင်ရမှာပါ။ အရင်တည်းက ပညာရေး နိမ့်ကျမှုကြောင့် တိုင်းပြည်ရဲ့ Economy ကလည်း နိမ့်ကျခဲ့ရတာပါ။ ယခုလက်ရှိမှာ ဒီလိုပုံစံအတိုင်း ပညာရေးကို ဆက်လက် အဖိနှိပ်ခံခဲ့ရင် နောက်မျိုးဆက်တွေအတွက် လွတ်မြောက်ဖို့ဆိုတာက အတော်လေးကို ခက်ခဲနေဦးမှာပါ။ ဒါကြောင့် SDG-17 မှာ ပညာရေးကဏ္ဍဟာ အရေးအပါဆုံးလို့ဆိုရင် မမှားပါဘူး။
ဘာတွေ လုပ်လို့ရနိုင်မလဲ
ပညာရေးကို မြှင့်တင်ဖို့မဟုတ်ရင်တောင် လက်ရှိပညာရေးကိုပဲ ရှေ့ဆက်နေဖို့ လိုအပ်ပါတယ်။ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အသီးအပွင့်တွေပါ။ ပညာသင်သင့်တဲ့ အရွယ်မှာ သိသင့်၊ သိထိုက်တဲ့ ပညာရေးအခွင့်အရေးတွေကို ဆုပ်ကိုင်ခွင့်မရခဲ့ရင် နောက်မျိုးဆက်တွေအတွက် ရင်လေးစရာဖြစ်လာစေမှာပါ။ ဆင်းရဲမွဲတွေမှုနဲ့ လူတန်းစား မညီမျှမှုကို အမြစ်ပြတ်စေနိုင်မှာ ပညာရေးပဲဖြစ်တာကြောင့် လူငယ်တွေအနေနဲ့ ထိုက်သင့်တဲ့ Education Access ကို အားလုံးရရှိဖို့ လိုအပ်ပါတယ်။
မျက်မှောက်ခေတ် Generation Z အများစုဟာ International Education ကို တက်လှမ်းဖို့ ကြိုးစားလျက်ရှိကြပါတယ်။ ဒါဟာ သိသာထင်ရှားတဲ့ သက်ရောက်မှု တစ်ခုကို ဖန်တီးနိုင်တဲ့ ပြယုဂ်တစ်ခုပဲဖြစ်ပါတယ်။ ကျောင်းသားတွေကို လှောင်ချိုင့်ထဲ သွတ်သွင်းတဲ့ Traditional Learning အစား၊ လွတ်လပ်စွာ တွေးခေါ်မှုကို မျိုးစေ့ချပေးတဲ့ နိုင်ငံတကာ ပညာရေးကို ပိုပြီးထောက်ပံ့သင့်ပါတယ်။
ဘယ်လိုထောက်ပံ့ပေးနိုင်မလဲ။
အပေါ်မှာပြောခဲ့တဲ့ ပညာရေးနဲ့ပတ်သက်ပြီး ကွဲပြားသွားတဲ့ လူတန်းစားနှစ်ရပ်ကို မှတ်မိမှာပါ။ လူတန်းစားနှစ်ရပ်လုံးဟာ ပညာရေးနဲ့စပ်လျဉ်းလို့ ပြဿနာ ကိုယ်စီနဲ့ ရင်ဆိုင်နေကြရပါတယ်။
ပထမလူတန်းစားက ပညာရေး(အထူးသဖြင့် နိုင်ငံတကာပညာရေး)နဲ့ ပတ်သက်လို့ လုံလောက်တဲ့ Knowledge ရှိကြပြီးသားပါ။ ဒါပေမဲ့ ငွေကြေးပြဿနာက အတားအဆီးဖြစ်လို့နေပါတယ်။ ဈေးအသက်သာဆုံးလို့ပြောလို့ရမဲ့ လမ်းကြောင်းတွေတောင်မှ စရိတ်ကမနည်းပါဘူး။ အခု ဒီစာကိုရေးနေချိန်မှာ GED Exam Fee အပြီးအစီး ဆယ့်ရှစ်သိန်းကျော်၊ IELTS Exam Fee ခုနစ်သိန်းကျော်၊ SAT Exam Fee ခြောက်သိန်းကျော် စတဲ့ဈေးနှုန်းတွေက ၀င်ငွေပုံမှန်မရှိတဲ့ လူတန်းစားအတွက် နည်းပါးတဲ့ ပမာဏတစ်ခုမဟုတ်ပါဘူး။ ဒါ့အပြင် ငွေဈေးမြင့်တက်လာတာနဲ့အမျှ ပြင်ဆင်မှုတွေဟာလည်း ဈေးကြီးလို့လာနေပါတယ်။ ဒီပြင်ဆင်မှုတွေ ပြီးသွားခဲ့ရင်တောင် နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့အတွက် သိန်းရာဂဏန်းကနေ ထောင်ဂဏန်းအထိ ကုန်ကျနိုင်ပါသေးတယ်။
ကျောင်းလခအတွက် ပညာသင်ဆုတွေကရော။
ပညာသင်ဆုတွေရဲ့ ရည်ရွယ်ချက်တွေက ကောင်းပေမဲ့လည်း အရေအတွက်နည်းပါးတာနဲ့ လူအနည်းငယ်ကိုသာ ထောက်ပံ့နိုင်တာကြောင့် လူငယ်တော်တော်များများအတွက် အလှမ်းဝေးနေဆဲပါ။
ပထမလူတန်းစားဟာ ဒီလို ပြဿနာမျိုးတွေကို ရင်ဆိုင်နေကြရတာဖြစ်တာကြောင့် သူတို့အတွက် ပညာသင်ဆုနဲ့ စာမေးပွဲကြေးတွေအတွက် ထောက်ပံ့ပေးနိုင်မဲ့ အဖွဲ့စည်းတွေ အများကြီးလိုအပ်နေပါတယ်။ Prospect Burma လို အဖွဲ့အစည်းမျိုးပါ။ နောက်ပိုင်းမှာ Private Organization တွေနဲ့၊ NGO အဖွဲ့စည်းတွေက ပိုမိုထောက်ပံ့လာနိုင်ကြပေမဲ့၊ ယနေ့အချိန်ထိ လုံလောက်တဲ့ အရေတွက်မရှိသေးတာကြောင့် Waste ဖြစ်သွားတဲ့ Potential တွေမနည်းပါဘူး။
ဒုတိယလူတန်းစားကတော့ ပညာရေးနဲ့ပတ်သက်တဲ့ ‘အသိ’ လိုအပ်နေတာပါ။ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ နေထိုင်ကြတာအပြင်၊ Internet Access မရှိတာနဲ့ Resource တွေရှားပါးတာကြောင့် ပညာရေးနဲ့ အလှမ်းဝေးကြရတာပါပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ လူငယ်တွေဟာ SDG-17 နဲ့ပတ်သက်လို့ အကျိုးပြုတဲ့ Organization တွေကို တည်ထောင်ကြပြီး “အရွေ့” တစ်ခုကို ဖော်ဆောင်လာကြပါတယ်။ Online Webinar တွေ Training တွေကြောင့်ပဲ လူငယ်တွေအနေနဲ့ အတော်လေးကို အကျိုးရှိစေခဲ့ပြီး Positive Impact တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အားနည်းချက်ကတတော့ အားလုံးဟာ Social Media Platform တွေကနေပဲ တစ်ဆင့် ရပ်တည်ကြရတာပါ။ ဒါကြောင့် Social Media ကောင်းကောင်းသုံးနိုင်တဲ့၊ သုံးတတ်ကြတဲ့ မြို့နေလူတန်းစားကိုပဲ အဓိက ဦးတည်သွားစေပါတယ်။ ဆက်သွယ်ရေးခက်ခဲတဲ့၊ Internet ရဖို့ ခက်ခဲတဲ့ ဒေသတွေမှာနေထိုင်ကြသူ လူငယ်တွေအတွက်ကတော့ ဒီအဖွဲ့စည်းတွေနဲ့ ဝေးကွာနေဆဲဖြစ်ပါတယ်။ သူတို့တွေဟာ Education နဲ့ပတ်သက်တဲ့၊ Climate Change နဲ့ပတ်သက်တဲ့၊ Health နဲ့ ပတ်သက်တဲ့ အသိပညာတွေကို Social Media သုံးတဲ့ မြို့ပေါ်နေလူတန်းစားတွေထက်စာရင် အများကြီးလိုအပ်နေပါတယ်။
ဒါကြောင့် နိုင်ငံတကာပညာရေးနဲ့ ပတ်သက်လို့ Knowledge Sharing လုပ်တဲ့အခါ Social Platform တွေကနေ တစ်ဆင့်မဟုတ်ဘဲ မြေပြင်ကို အမှန်တကယ်ရောက်ရှိနိုင်မဲ့ နည်းလမ်းတွေကိုပါ အသုံးချဖို့လိုအပ်ပါတယ်။ In-person Webinar တွေနဲ့ Leaflet စတာမျိုးတွေကို အသုံးချနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှလည်း လူတန်းစား အကုန်လုံးအတွက် ပညာရေးအခန်းကဏ္ဍဟာ ညီညီမျှမျှနဲ့ စီးဆင်းသွားစေမှာပါ။ ဒီကနေမှတစ်ဆင့် ငယ်ရွယ်တဲ့ Soul တွေရဲ့ အသိဉာဏ်နဲ့ ခွန်အားတွေကို ပေါင်းစည်းပြီး တိုင်းပြည်နွံတောထဲကနေ ရုန်းထွက်ဖို့ “အရွေ့” တစ်ခု ဖော်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။
စစ်ဘေးဒါဏ်ကို ခံစားနေကြရတဲ့ လူငယ်တွေအတွက်လည်း ပညာရေးဟာ အရေးပါတဲ့ ကဏ္ဍတစ်ခုမှာ ပါ၀င်နေပါသေးတယ်။ အသက်ရှင်သန်ရေးနဲ့ စား၀တ်နေရေးပြဿနာတွေပြီးရင် ပညာရေးဟာအရေးပါဆုံး ကိစ္စရပ်ပါပဲ။ သူတို့လေးတွေအတွက် အခကြေးငွေမယူဘဲ စေတနာနဲ့ စာသင်ပေးနိုင်မဲ့ ကိုယ်ကျိုးစွန့်နိုင်တဲ့ ဆရာ၊ ဆရာမတွေ အများကြီးလိုအပ်နေပါတယ်။ ဒါပေမဲ့လည်း ကိုယ်တိုင် ဘာမှမလုပ်ဘဲ တခြားသူကို ကိုယ်ကျိုးစွန့်ဖို့ တောင်းဆိုနေတာဟာ တရားမကျပါဘူး။ ဒါကြောင့် အလျင်းသင့်သလို ပညာရေးနဲ့ ပတ်သက်ပြီး အသိပညာပေးဖို့နဲ့၊ စစ်ပွဲတွေ ရပ်တန့်လာမဲ့ ကာလတစ်ခုကို စောင့်ဆိုင်းပြီး ကြိုဆင်ပြင်ဆင်မှုတွေ လုပ်ထားခြင်းကသာလျှင် လက်တွေ့ကျတဲ့ရွေးချယ်မှုပဲ ဖြစ်ပါတယ်။
နိဂုံး
ပညာရေးဟာ နယ်ပယ်တိုင်းမှာ အရေးပါပါတယ်။
လူငယ်တိုင်းဟာလည်း ပညာသင်ကြားခွင့်ရှိသင့်ပါတယ်။
တိုင်းပြည်အတွက် သက်ရောက်မှုရှိတဲ့ “အရွေ့” တစ်ခု ဖန်တီးလိုရင် ပညာရေးဆိုတဲ့ အခန်းကဏ္ဍကို တိုးတက်အောင် အရင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အလွှာအသီးသီးက လူတန်းစားတိုင်း၊ နေရာအသီးအသီးက လူငယ်တိုင်း ပညာရေးနဲ့ ပတ်သက်တဲ့ အခွင့်အလမ်းတွေရရှ်ိဖို့၊ ပညာသင်ခွင့်ရရှိဖို့ ကျနော်တို့အားလုံးမှာ တာ၀န်ရှိပါတယ်။
စွမ်းရဲပြည့်သည် SAT စာမေးပွဲကို ဖြေဆိုအောင်မြင်ထားပြီး မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲရေးကို စိတ်ဝင်စားသော မြန်မာလူငယ် Generation Z တစ်ဦးဖြစ်ပါသည်။
“ရေရှည်တည်တံ့ရေးလှုံ့ဆော်ရင်းအနာဂတ်ကိုတည်ဆောက်ကြစို့”
ယခုဆောင်းပါးတွင် ဖော်ပြထားမှုများသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပြီး ရွှေတောင်သာဂသူစင်တာ၏ အာဘော်မဟုတ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။ ဆက်သွယ်ရန်။ sabaitimes@shwetaungthagathu.com


